ဝက်ခြံဆိုးမွေတွေ ဘယ်လိုကုမလဲ
01-Mar-2017
ဝက်ခြံရဲ့ဆိုးမွေတွေကို ကုရတာ အတော်လက်ပေါက်ကပ်ပါတယ်။ ချက်ချင်းယူပစ်သလို ပျောက်ဖို့ ခဲယဉ်းလို့ပါ။ အမာရွတ်ပျောက်ဆေး (Scar Cream) ဆိုတာက ဝယ်ပြီးလိမ်းရတာ အမောပါပဲ။ ဓာတုဗေဒ ပေါင်းတင်နည်း (Chemical Peeling) ကတော့ အမာရွတ်သေးသေးလေး တွေနဲ့ အညိုအမဲအရာတွေကို ကုစားရာ အတော်ထိရောက်ပါတယ်။ သစ်သီးသစ်ဥနှင့် နို့ကရတဲ့ သဘာဝဓာတ်တွေကို သုံးပြီး ပေါင်းတင်တဲ့နည်းပါ။
နောက်တစ်နည်းကတော့ ဒါမာဘရေးရှင်း (Dermabrasion) ဆိုတဲ့ အရေပြားကို ကိရိယာတစ်ခုနဲ့ ပွတ်တိုက်တဲ့နည်းပါ။ ခပ်နက်နက် အမာရွတ်တွေကို ကုစားရာမှာ အတော်ထိရောက်ပါတယ်။ ခပ်တိမ်တိမ်အမာရွတ်တွေကိုတော့ မိုက်ခရိုဒါမာဘရေးရှင်း (Microdermabrasion) ဆိုတဲ့ အနုစိတ်ပွတ်တိုက်ခြင်းနဲ့ ကုစားနိုင်ပါတယ်။
ဒီနည်းက အရေပြားရဲ့ အပေါ်လွှာကိုပဲ ပွတ်စားလိုက်တာမို့ အန္တရာယ်ကင်းပေမယ့် ဒါမာဘရေးရှင်းကတော့ အရေပြားရဲ့အလယ်လွှာအထိ ပွတ်တိုက်ရတာဆိုတော့ ဆိုးကျိုးတွေမကင်းပါဘူး။ ဖောင်းကြွနေတဲ့ အမာရွတ်တွေကိုတော့ အမာရွတ်ထဲ စတီးရွိုက်ဆေးတွေ ထိုးတဲ့နည်းကို သုံးကြသလို Cryotherapy ခေါ်တဲ့ အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်နဲ့ တို့ပေးတဲ့နည်းလည်း သုံးကြပါတယ်။ ခေတ်မီ ကုထုံးကတော့ လေဆာပါ။လေဆာရောင်ခြည်က ကိုလာဂျင်အမျှင်တွေ ဖွံ့ဖြိုးလာအောင် လှုံ့ဆော်ပေးတာမို့ Resurfacing ဆိုတဲ့ အရေပြားမျက်နှာ၏ ပြန်လည်ညှိပေးတဲ့ကိစ္မှာ အတော်အသုံးဝင်ပါတယ်။
ဘယ်နည်းလမ်းပဲသုံးသုံး အမာရွတ်ရဲ့ သက်တမ်း၊ အရွယ်အစား၊ အတိမ်အနက်နေရာပေါ် မူတည်ပြီး ပျောက်ဖို့အချိန် အနည်းနဲ့အများ ကွာသွားတာပါ။ ဘယ်နည်းလမ်းမှ မမြန်ပါဘူး။ ဒီတော့ အမာရွတ်ပျောက်ဆေးတွေ လိမ်းရုံသက်သက်နဲ့ ရက်ပိုင်း၊ လပိုင်းအတွင်း ထူးခြားလာမှာမဟုတ်ပါဘူး။ အမာရွတ်ပျောက်လိမ်းဆေးတွေထက် ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ထရက်တီနွိုင်း (Tretinoin) ပါတဲ့ လိမ်းဆေးခရင်မ်တွေကို စွဲစွဲမြဲမြဲ လိမ်းပေးရင် အမာရွတ်နဲ့ အညိုအမည်းလျော့ပါးအောင် စွမ်းဆောင်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)